ပင်းတယမြို့နယ်၌ နွေရာသီရေရှားပါးသည့်အချိန် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

ပင်းတယ မတ် ၂၄

မြန်မာနိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝအရ စိုက်ပျိုးရေးကို အခြေခံစီးပွားဖြစ် လုပ်ကိုင်စားသောက်ကြ ပြီး၊ ဒေသရာသီဉတု၊ မြေဆီလွှာနှင့် ကိုက်ညီသော သီးပင်၊ စားပင်များ စိုက်ပျိုး ရောင်းချလျက်ရှိကြရာ တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရသည်။

ယခုကဲ့သို့ ရေရှားပါးသည့်နွေရာသီတွင်၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု၊ ကိုးလုံးကျေးရွာပဲ နောက်အင်းရေခြံလုပ်ငန်းနှင့် ဇော်ဂျီချောင်းနံဘေးရေသွင်း စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။ ရေခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကြောင်းပြု ၊ စားသုံးသီးနှံများ စိုက်ပျိုးရောင်းချသူတစ်ဦးက "ကျွန်မတို့မိသားစုက ကိုယ်ပိုင် လယ်မြေပေါ်မှာ မုန့်ညင်းဖြူနဲ့ မုန့်ညင်းစိမ်းကိုအဓိကစိုက်ပါတယ်၊ မိုးရေမရရှိတဲ့ အခုလို ရေရှားပါးတဲ့ နွေရာသီမာ ပဲနောက်အင်းကရေကို တင်ပြီးစိုက်ခင်းထဲကို ရေသွင်းစိုက်တာဖြစ်ပါတယ်၊ တချို့ကုန်စိမ်း ရောင်းချသူတွေက စိုက်ခင်းထဲအထိ ဖောက်သည်လာယူပြီးမြို့ပေါ် ဈေးမှာ သွားရောင်းကြတော့ မုန့်ညင်းတွေကို အခင်းပြတ်နဲ့ရောင်းပေးရတယ်။ အခင်းပြတ်နဲ့ ရောင်းတာကြတော့ အချိန်တိုတိုနဲ့ ငွေအရင်း အမြန်ပေါ်ပြီး ငွေအလုံးအရင်းပြန်ရတဲ့အတွက် မိသားစုစားဝတ်နေရေးပိုပြီး အဆင်ပြေတယ်၊ ဒီစိုက်ခင်းက တစ်နှစ်ပတ်လုံးဝင်ငွေရတဲ့အတွက် ကလေးတွေကျောင်း စရိတ်အပြင် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလုံလောက်ပါတယ် လို့ ပြောကြားသည်။ 

ပင်းတယမြို့နယ်ရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများရှိသလို စီးပွားဖြစ် ဧကအများအပြား စိုက်ပျိုးကြသူများလည်းရှိသည်။  ရေခြံလုပ်ငန်းများတွင် မုန့်ညင်းစိမ်းနှင့် မုန့်ညင်းဖြူ၊ မုန့်လာဥနီ၊ ပန်းဂေါ်ဖီ၊ နံနံပင်၊ ခရမ်းသီး၊ ပဲပုဇွန်သီး၊ ရွှေပဲသီး၊ ရွှေပဲရွက်၊ ငရုတ်၊  ကိုက်လန်၊ စသည်ဖြင့် ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြကြောင်းနှင့် ၎င်းသီးနှံများ စိုက်ပျိုးရာတွင် ပျိုးပင်မျိုးစေ့ထုတ် တစ်ထုတ်ကိုငွေကျပ် (၂၀၀၀) နှင့် (၃၀၀၀) ကြားဝယ်ယူပြီး စိုက်ပျိုးထားရာမှ  တစ်လ(သို့) တစ်လခွဲခန့်တွင် စတင်ခူးဆွတ် ရောင်းချနိုင်ကြောင်း၊ စိုက်ခင်းပြတ်ဖြင့် ဈေးနှုန်းကျပ်ငွေ (၅၀၀၀၀) ဝန်းကျင်ခန့်ရရှိကြောင်း၊  ရေလောင်း ပေါင်းနှုတ်ခြင်းများကို မိသားစုလူအင်အားဖြင့်သော်လည်းကောင်း၊ အလုပ်သမားနေ့စားခဖြင့် သော် လည်းကောင်း ဌားရမ်းစိုက်ပျိုးနေကြခြင်းဖြစ်ကြောင်းနှင့် တစ်နှစ်ပတ်လုံး ရေခြံလုပ်ငန်းများဖြင့် အသီးအနှံ များအား အလှည့်ကျစိုက်ပျိုးရောင်းချသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရ သည်။

အေးအေးလတ် (ဒေသပြန်/ဆက်)