ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ဇမ္ဗူသီရီ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ရပ်ကွက်နှင့်ကျေးရွာများသို့သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း တွေ့ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော စည်းမျဉ်း စည်းကမ်းများကို ဆက်လက် လိုက်နာ ကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)