မလှိုင်မြို့နယ်တွင် နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသ၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထောက်ခံစာဖြင့်  ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးရှင်းလင်း 

မလှိုင် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ၎င်းတည်းခိုနေထိုင်ရာနေရာများနှင့် နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများကို  ဧပြီလ(၁) ရက်နေ့ နံနက်(၆)နာရီအချိန်မှ စတင်၍ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ဖြင့်သာ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  အသိပေးရှင်းလင်းပွဲကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။ 

အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က  မိမိတို့မြို့နယ်တွင် အသက်(၁၆)နှစ်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် (ပန်းခင်း) စီမံချက်ဖြင့် လဝကရုံးတွင် ၎င်းကျေးရွာများသို့ ၎င်းကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ၊ သို့ဖြစ်၍  (၁.၄.၂ဝ၂၂ )ရက်နေ့မှ  စတင် ၍    နိုင်ငံ သားကတ်(မှတ်ပုံတင်) အစားထောက်ခံစာများကို  ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ ရှင်းလင်းပြောကြားပြီး  နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)  မရှိသေးသူများအနေနှင့် လဝကရုံးနှင့်ဆက်သွယ် ဆောင်ရွက်သွားရန် ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း အသိပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကဦးစီးမှူးက (ပန်းခင်း) စီမံချက်ဖြင့်  နိုင်ငံသားစီစစ်ရေးကတ်(မှတ်ပုံတင်)များကို   (၃.၅.၂ဝ၂၁) ရက်နေ့မှ ( ၃.၁၁.၂ဝ၂၂ ) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင်  ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းသည် တည်ဆဲဥပဒေအရ ပြစ်မှုမြောက်ကြောင်း ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းများ ဖြန့်ဝေပေးခဲ့သည်။                            

အောင်ဌေး(မလှိုင်)