မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ၌  ကျေးရွာတွင်းမြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ ကိုယ်ထူကိုယ်ထ အဆင့်မြှင့်တင်

မိုင်းဖြတ် မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာတွင် ကျေးရွာကိုယ်ထူ ကိုယ်ထ   ကွန်ကရစ်လမ်းခင်းခြင်းကို   ကျေးရွာနေပြည်သူများ အလှူငွေနှင့် လုပ်အားစုပေါင်းပြီး ယနေ့နံနက် ပိုင်းကစ၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သတ်ပြီး ကျေးရွာလူကြီးဦးကျော်ဆွေက“ကျွန်တော်တို့ ဒီလမ်း ခင်းဖို့အတွက် ရည်ရွယ်ထားတာကြာပါပြီ ယခုမှအကောင်အထည်ဖော်ဆောင်ရွက်ဖြစ်တာပါ ဒီလိုဆောင် ရွက်ရာမှာ ကျေးရွာနေပြည်သူများက ပါဝင်လှူဒါန်းထားတဲ့ အလှူငွေပေါ်မူတည်ပြီး ဘိလပ်မြေနဲ့ သဲဝယ်ပြီး လိုအပ်တာတွေကို လုပ်အားနဲ့ဆောင်ရွက်တာဖြစ်ကြောင်း”ပြောကြားသည်။

ကျေးရွာတွင်း မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် လမ်းအကျယ် ၁၀ပေ (၂လမ်းသွား)၊ ထု၆လက်မ၊ အရှည် ၆၀၀ ပေရှိအထိ ဆောင်ရွက်မှာဖြစ်ပြီး ယခင်က အဆိုပါလမ်းသည် အတက်လမ်းဖြစ်၍ နွေရာသီနှင့်ဆောင်းရာသီတို့၌သာ သွားလာရန်လွယ်ကူပြီး မိုးရာသီ၍ ကုန်းပေါ်တွင် နေထိုင်ကြသည့် မိသားစုဝင်များအခက်တွေ့ရပြီး   ဆောင်ရွက်ပြီးစီးသွားပါက  ကျေးရွာအတွင်းသို့ မော်တော် ယာဉ်များ၊ ဆိုင်ကယ်များ  ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။  

သန်းထွန်းအေး