ဒဂုံအရှေ့ မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံအာကစားနည်းများဖြစ်သော အေရိုဗစ်နှင့် မြန်မာ့သိုင်းအားကစားနည်းများကို အခြေခံပညာ မူလတန်းအမှတ်(၆)ကျောင်း၌ ယနေ့နံနက်ပိုင်း ၉ နာရီမှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားနည်းသင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် မြန်မာ့သိုင်း၊ အေရိုဗစ်သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလအဖြစ် ယနေ့မတ်လ(၂၄)ရက်နေ့မှ ဧပြီလ (၆)ရက်နေ့အထိ နေ့စဉ် နံနက်(၉)မှနံနက်(၁၀း၃၀)နာရီအထိ အားကစားသင်တန်းများ အား အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် နွေရာသီကျောင်းပိတ်ရက် ဖွင့်လှစ်ထားသော အခြေခံအားကစားနည်း သင်တန်းသို့ မတ်လ ၂၄ ရက်တွင် အေရိုဗစ်သင်တန်းကျောင်းသား/ ကျောင်းသူ(၄၀)ဦး၊ မြန်မာ့သိုင်းအားကစားနည်း(၄၀)ဦး စုစုပေါင်း(၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိရာ ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများမှ တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဝင်းအိမွန်( ပြန်/ဆက်)