ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် သင်္ဘောစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင်စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

သင်္ဘောစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ မြေအောက်ရေနဲ့သင်္ဘော (၁) ဧက စိုက်ပျိုးထားကြောင်းနှင့် စိုက်ပျိုးပြီး ရက်ပေါင်း (၁၈၀) ခန့်တွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချသည့်အခါ ပွဲစားများမှ ရင့်မှည့်ခါနီးအသီးများကို ခူးဆွတ်ပြီး သံသေတ္တာများနှင့်ထည့်ကာ  သေတ္တာအရေအတွက်အတိုင်း ဈေးတွက်ပြီး ရောင်းချရကြောင်း အသီးလှိုင်လှိုင် ခူးဆွတ်ချိန်တွင် တစ်ကြိမ်ခူးဆွတ်ပါက ငွေကျပ် (၁၀) သိန်းခန့်ရကြောင်း သင်္ဘောစိုက်တောင်သူ ဦးမြဝင်းက ပြောပြ သည်။

သင်္ဘောစိုက်ပျိုးရာတွင် နေရောင်ခြည် ကောင်းစွာရှိစေရန်နှင့် လေအဝင်အထွက် ကောင်းမွန်စေရန် အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင်-တစ်တန်းနှင့် တစ်တန်း (၁၀) ပေအကွာအဝေးခန့် စိုက်ပျိုးပါက သီးလုံးပို၍ လှပကြောင်းနှင့် လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေးနှင့် ပိုးသတ်ဆေးများ ဖြန်းပေးရပြီး ရာသီဥတု အခြေအနေများကို ကြည့်ရှုပြီး ရေသွင်းပေးခြင်း မြေဩဇာ ကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)