သိန္နီမြို့တွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

သိန္နီ မတ် ၂၄

 ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ် ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ညနေပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မခြူးဝဿန်ဖူးက အနာဂတ် တွင် ဖြစ်စေရန် ကြံရွယ်သည့်ရည်မှန်းချက်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာရိတ္တ ကောင်းမွန်အောင် ဆောင်ရွက်ရ မည့်နည်းလမ်းများ၊ ဉာဏ်ရည်တိုးတက်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများအား လည်းကောင်း၊ မအိမ့်မှူးကဗျာသက်က ကျောင်းသူ/ကျောင်းသားအနေဖြင့် ကျန်းမာအောင် ဆောင်ရွက်ရမည့်နေထိုင်နည်းများ၊ စိတ်ဓာတ်မြှင့်တင်ရေးနည်းလမ်းများ၊ စည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းကောင်း အကျယ်တဝံ့ ဆွေးနွေးကြသည်။

သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်ရေးရာအသိပညာပေး ဆွေးနွေးခြင်း(Talk Show) အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သိန္နီမြို့နယ် ပြည်သူ့စာ ကြည့်တိုက် Facebook Page နှင့် We Love Hseni Facebook Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)