သိန္နီ မတ် ၂၄
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူများ ဗလ(၅) တန် ဖွံ့ဖြိုး တိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်စေရန်၊ ပညာရဲရင့် ပွဲလည်တင့်စေရန်၊ အနာဂတ်သားကောင်းရတနာများ ထွန်းကာလာစေရန်နှင့် အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမတွင် လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်က ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာရေး၊ စာပေများမှ တစ်ဆင့်အသိပညာ ဗဟုသုတ ရှာဖွေခြင်း၊ စိတ်ဓာတ်/စည်းကမ်းကောင်းမွန်ရေး လိုက်နာရမည့် အချက်များ၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားကိုးယုံကြည်ထိုက်သည့် မျိုးဆက်သစ်လူငယ်များ အကြောင်းများကို ဟောပြော သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ကျောင်းသား/ ကျောင်းသူအနေဖြင့် အနာဂတ်တွင် လျောက်လှမ်းမည့်နေရာတွင် လူငယ်များအတွက် တွေ့ကြုံ ရမည့် အခက်အခဲ၊ ကျော်လွှားရမည့်နည်းလမ်း၊ စိတ်ဓာတ်ကြံ့ခိုင်၍ ရည်မှန်းချက် ပန်းတိုင်ကို အရောက်သွားရမည့် နည်းလမ်းများ၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ ပညာထူးချွန်၍ အနာဂတ်တိုင်းပြည်တည်ဆောက်ရာတွင် အားထားရသော လူငယ်များ၊ ဘက်စုံ ထူးချွန်သည့်ကျောင်းသားလူငယ်များ ဖြစ်စေနိုင်မည့် နည်းလမ်းများ၊ ကျန်းမာကြံ့ခိုင်၍ အနာဂတ်တွင် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာရေးစသည့် အကြောင်းအရာများကို ဟောပြောသည်။ ဟောပြောပွဲတွင် သိန္နီမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)