စဉ့်ကူး မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူများအားကာကွယ် ဆေးထိုးနှံပေးခြင်းကို စဉ့်ကူးမြို့ အဝင်အထွက်ဂိတ်နှင့် မြို့တွင်းအဝိုင်းပတ်နေရာတို့တွင် ယနေ့နံနက်ပိုင်းအချိန်မှ ညနေပိုင်းအချိန်ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်း လက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကို အထိုင်ချစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် အလေးထား ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးမထိုးနှံရသေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီး ရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)