တပ်ကုန်း မတ်လ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာကုန် ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ၂၄ရက် နံနက် ၁၀နာရီက အဆိုပါကျေးရွာကုန်ထုတ်လမ်း မုဒ်ဦးရှေ့၌ ကျင်းပသည်။
ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းက ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း၊ ကွင်းအမှတ်(၂၀၄၅)ကွင်း၊ တောင်သူများကိုယ်စားလှယ်ရှားတောကျေးရွာမှ ဦးဇော်ထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းက ကုန်ထုတ်လမ်း ဖွင့်ပွဲအမှတ်တရ Trophy များ ပေးအပ်ခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမျိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးတို့က ရှားတောကျေးရွာ ကုန်ထုတ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကုန်ထုတ်လမ်းအား သတ်မှတ် စံချိန်စံညွှန်းကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ဒီလမ်းမှာ ယခင်က လမ်းဘေးခြုံနွယ်များနဲ့အကျယ်(၁၀)ပေခန့်သာ အသုံးပြုလို့ရပါတယ်၊ မြေသားလမ်းဆိုတော့ အချို့ နေရာတွေမှာ၊ ချိုင့်ခွက်များရှိပါတယ်၊ လယ်ယာထွက်ကုန်သီးနှံများ သယ်ဆောင်ရာမှာ အဆင်ပြေချောမွေ့မှုမရှိခဲ့ပါဘူး၊ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် (၆)လအတွင်း နေပြည်တော်ကောင်စီခွင့်ပြု ရန်ပုံငွေကျပ် (၁၉.၂၉)သန်းနဲ့ လမ်းအရှည်(၅.၃)ဖာလုံ (၃၅၀၀ပေ)၊ အကျယ်(၁၂)ပေ၊ ထုအမြင့်(၉)လက်မရှိ ရိစာခင်းခြင်းနှင့်Slab Culvert(၂)စင်းကို ဖောက်လုပ် ပြီးစီးခဲ့လို့ အကျိုးပြုမှာကတော့ အိမ်ခြေ(၁၁၅၅)အိမ်၊ တောင်သူ(၂၂၇)ဦး၊ စိုက်ပျိုးလယ်(၅၇၀) ဧက အကျိုးခံစားရမှာ ဖြစ်ပါတယ်”လို့ ရှားတောကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးစိုးတင်၏ ပြောပြချက်အရသိရသည်။
တင်စိုးလွင်