မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မံစီ မတ် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌ ယနေ့နေ့ နံနက် ၁၁ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။  

အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျောင်းသားလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာဆွေ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အား ကစားမှူး ဦးစိုးဝင်းသန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိ ဒေါ်မြသက်ဦးတို့က “လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုး စားကြ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နဲ့ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ် ရှင်သန် ထက်မြက်ရေး၊ လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ကဏ္ဍအလိုက် အသီးသီး  အသိပညာပေးဟောပြောခဲ့ကြရာ အခြေခံပညာ အထက်တန်းကျောင်း (မံစီ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များကလည်း ကျောင်းသား၊ ကျောင်းသူများကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောကာ သရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)