မြစ်ကြီးနား မတ် ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြစ်ကြီးနားခရိုင် ပညာရေးမှူး ဦးရဲအောင်က စာသင်ကျောင်းများ မှတစ်ဆင့် ကျန်းမာကြံ့ခိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်သော လူငယ်များ ဖြစ်လာစေရေးနှင့် စာအုပ်စာစောင်များ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး ဟောပြောပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးမျိုးနိုင်က ကျန်းမာကြံ့ခိုင်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိရန် ကိုယ်လက်လှုပ်ရှား အားကစားများကို နေ့စဉ်ဆောင်ရွက်ပြီး ကျန်းမာခြင်းနည်းလမ်းများနှင့်အညီ နေထိုင်ကြ စေလိုကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သွားမည့် အားကစားသင်တန်းများ ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က ကျောင်းသား/သူ လူငယ်များအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခဲ့ပြီး တက်ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသား/သူများအား (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခဲ့သည်။
ခရိုင်(ပြန်/ဆက်)