မတ္တရာ မတ် ၂၄
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန် နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူမြင့်မှ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး စသည့်အကြောင်းအရာ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးဌာနမှ အလယ်တန်း ကျောင်း အုပ်ဆရာကြီး ဦးအောင်ကျော်ဇောမှ ငယ်ရွယ်စဉ်မှာ ပညာရှာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒေါ်ခင်ပပထွန်းမှ အားကစားပြုလုပ်ရခြင်း၏အကျိုးကျေးဇူးများ၊ လူငယ်များ အတွက် အားကစားသိပ္ပံပညာ သင်တန်း ကျောင်း တက်ရောက်နိုင်မှု အကြောင်းအရာများကို ပြောကြားဆွေးနွေးခဲ့ကြပြီး ရတနာပုံတက္ကသိုလ် တိုက်ကွမ်ဒို လက်ရွေးစင် မမိုးမြင့်သူမှ တိုက်ကွမ်ဒို အခြေခံ အဆင့်ကိုသရုပ်ပြသခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ အ.ထ.က(မတ္တရာ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ပြီး ၇၇ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)