လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေး မတ် ၂၄

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို မတ်လ ၂၃ရက်နေ့ နံနက် ၁၁နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများအနေဖြင့် ပညာသင်ကြားရခြင်းမှာ  အသိအကြားအမြင်  ဗဟုသုတများရရှိပြီး ကျင့်ဝတ်များကို နားလည်လာနိုင်ရန်အတွက်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် အနန္တောအနန္တ ဂိုဏ်းဝင်များ ဖြစ်ကြောင်း၊ တိုးတက်သည့် သူတိုင်းစာဖတ်ကြပြီး စာဖတ်သည့်သူတိုင်း တိုးတက်ကြောင်း၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်မည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများသည် နောင်တစ်ခေတ် နိုင်ငံ့ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ယခုအရွယ်မှစ၍ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည့်သူများ ဖြစ်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှ ကိုယ်ကာယနှင့် အသိဉာဏ်ဖွံ့ဖြိုးပြီး ပညာကိုကောင်းစွာသင်ကြားနိုင်မည်ဖြစ်၍ အားကစားလိုက်စားရန်မှာလည်း များစွာအရေးကြီးပါကြောင်း၊ အားကစားလိုက်စားခြင်းဖြင့် ဗလငါးတန်ပြည့်စုံပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု စည်းကမ်းရှိမှုစသည့် ကောင်းမွန်သည့်အကျိုးကျေးဇူး များရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် မန္တလေးခရိုင်အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်သိမ့်သိမ့်မိုးက အားကစားနှင့်ကျန်းမာရေး၊ ခရိုင်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးဒေါ်မြင့်မြင့်သန်းက လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် စာဖတ်ခြင်း၏ကောင်းကျိုးများ၊ ခရိုင်ပညာရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာက  စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအကြောင်း တို့ကို ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစန်းအောင်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိပ်ထားနိုင်