သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ဆောင်ရွက်

 

သီပေါ   သြဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့သည်။ 

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ရပ်ကွက်/ ကျေးရွာများသို့ တစ်အိမ် တက်ဆင်း နေ့ရောညပါ ကွင်းဆင်း ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ မိမိတို့၏ လက် အောက် ဝန်ထမ်းနှင့် မိသားစုများ၊ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ အသိပညာပေးလှုံ့ဆော် ဆောင်ရွက် ကြရန် စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကပ်ထားကြေညာခြင်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူးက ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ကျောင်းဆောင်များ ပြုပြင်ရန် ရန်ပုံငွေများရရှိသည့် ကျောင်းများ၏ အမည်စာရင်းများနှင့် လုပ်ငန်းများအား စက်တင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်ကြရန် ကိုလည်း ကောင်း၊ စိုက်ပျိုးရေး ဦးစီး ဌာနက စွမ်းအားမြှင့်မီးဖို ဖြန့်ဝေပေးသည့်ကိစ္စနှင့် ပတ်သက်၍လည်းကောင်း အသီးသီးတင်ပြ ဆွေးနွေး ခဲ့ကြရာ သက်ဆိုင်ရာကဏ္ဍများ အလိုက်ပေါင်းစပ် ညှိနှိုင်းကာ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တစ်လလျှင်(၁)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် ဆောင်ရွက် လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်လျက် ရှိကြောင်းသိရသည်။     

ခင်လေး(သီပေါ၊ပြန်/ဆက်)