လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လားရှိုး  မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းထက်အောင်က ‘လူငယ်နှင့်လွန်စွာအကျိုးများ ကာယပညာနှင့်အားကစား’၊ ‘အားကစား အကျိုးကျေးဇူးဖြင့် ဗလငါးတန်ဖွံ့ဖြိုးရခြင်း’၊ ‘စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် လျော့ကျစေရန် အားကစားဖြင့် အခြေခံ’စသည့် ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးပေးခဲ့ပြီး ကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူပေးခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ‘လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က ‘စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး’ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောပေးခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်များ ခင်းကျင်းပြသခဲ့ပြီး (၇၇)နှစ် မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး