ဗန်းမော်မြို့တွင်းလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့်  မိုးမောက်- လွယ်ဂျယ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လမ်းနယ်မလွတ်သည့် အိမ်၊ ခြံမြေ များအတွက် လျော်ကြေးငွေပေးအပ်

ဗန်းမော် မတ် ၂၄

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ  မတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗန်းမော်မြို့တွင်းလမ်း အဆင့်မြင့်တင် ဆောင်ရွက်နေမှုနှင့် မိုးမောက်-လွယ်ဂျယ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် လမ်းနယ်မလွတ် သည့် နေအိမ်/ ခြံမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၀၁၃ ဒသမ ၆၇၀)သန်းဖြင့် ပြည်နယ် လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် ဗန်းမော်မြို့တွင်းလမ်း (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းဟောင်းအပိုင်း) AOK ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော အရှည် ၃၂၈၀ ပေ၊ အကျယ် ၄၈ ပေလမ်းပိုင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်(၁၀၄၅ ဒသမ ၁၇ဝ)သန်းဖြင့် ဆုထူးပန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်  အရှည် ၃၂၈၀ ပေ၊ အကျယ် ၄၈ ပေလမ်းပိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၃၁၆၇ ဒသမ ၈ဝဝ သန်းဖြင့် မန်းပြည်တံခွန်ကုမ္ပဏီမှ တာဝန်ယူ၍ ၁၁၆၄၆ ပေ၊ အကျယ် ၂၄ ပေရှိ နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လမ်းလုပ် ငန်းများကို စံချိန်စံညွန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်သွားနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ မတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ဗန်းမော်မြို့ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မိုးမောက်-လွယ်ဂျယ်လမ်း (၄၇/၄) မိုင်အား နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် လွတ်ကင်းမှုမရှိသော အိမ်/ ခြံမြေ၊ နှစ်ရှည်သီးပင်၊ စားပင်များ ပါဝင်မှုများအတွက် နစ်နာကြေး/ လျော်ကြေးငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ဗန်းမော်ခရိုင်အတွင်း မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်းသည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအတွက် အဓိကကျသည့် ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မိုးမောက်- လွယ်ဂျယ်လမ်းအား  နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် MIC မှခွင့်ပြုချက်ရရှိပြီး BOT စနစ်ဖြင့် ဟုန်ရှင်းကျန်းဘ ဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းအဆင့်မြှင့် တင်ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် လွတ်ကင်းမှုမရှိသော လူနေအိမ်များ၊ ဥယျာဉ်၊ ခြံမြေများ၊ နှစ်ရှည်ပင်များ၊ သစ်တောစိုက်ခင်းများ ပါဝင်နေမှုများအပေါ်  နစ်နာမှုမရှိစေရေးအတွက် လျော်ကြေးငွေများပေးအပ်နိုင်ရေး တွက်ချက်မှုပုံစံ(၁၂)ဖြင့် ဒေသပေါက် ဈေးနှုန်းများနှင့်အညီ ဒေသခံပြည်သူများအား လျော်ကြေးပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မိုးမောက်-လွယ်ဂျယ် လမ်းသည် လမ်းတစ်လျှောက်၌ တည်ရှိသည့် ကျေးရွာများသည် ဗမာ၊ ကချင်၊ ရှမ်း စသည့် တိုင်းရင်း သားလူမျိုးများစွာ စုပေါင်းနေထိုင်ကြပြီး အဆိုပါလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ဒေသခံတိုင်းရင်းသားပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်နီးချင်းတရုတ် နိုင်ငံနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူ လျင်မြန်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ရာ၌ ယခုလို ပါဝင်ကူညီဆောင်ရွက်ပေးသည့် ဒေသခံ တိုင်းရင်းသားများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်မောင်အုန်းက မြေယာလျော်ကြေးငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဟုန်ရှင်းကျန်းဘ ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးမောင်ချင်းက မိုးမောက်-လွယ်ဂျယ်လမ်း (၄၇/၄)မိုင်အား BOT စနစ်ဖြင့် လမ်းလုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းနယ်မလွတ်သည့် နေအိမ်/ ခြံမြေနှင့် နှစ်ရှည်သီးပင် စားပင်များအတွက် ဒေသခံပြည်သူများ (၁၂၄)ဦးတို့အား လျော်ကြေးငွေများကို အသီးသီးပေးအပ် ကြရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ  မိုးမောက်-လွယ်ဂျယ်လမ်း (၄၇/၄)မိုင်အား နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် လွတ်ကင်းမှုမရှိသော အိမ်/ ခြံမြေ၊ နှစ်ရှည်သီးပင်၊ စားပင် များပါဝင်မှုများအတွက် လျော်ကြေးငွေပေးအပ်ရာ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံး ငွေရင်းရန်ပုံငွေကျပ် (၂၁၈ ဒသမ ၆၆) သန်းဖြင့် ဒေသခံပြည်သူ (၁၂၄)ဦးတို့အား ပေးအပ်ခဲ့ သည်။

မိုးမောက်-လွယ်ဂျယ်လမ်း(၄၇/၄)မိုင်သည် လွတ်လပ်ရေးမတိုင်မီကတည်းက ရှိခဲ့သော လမ်းကြောင်းဖြစ်ပြီး တရုတ်-မြန်မာ- တောင်ပိုင်းနယ်စပ် နယ်ခြားအမှတ်၅ဝ(၂)မှ ပြည်ထောင်စု မြန်မာနိုင်ငံ မိုးမောက်မြို့အထိ ဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ကီလိုမီတာ အားဖြင့် ၇၆ ဒသမ ၄၄၄ ကီလိုမီတာ ရှည်လျားပြီး မိုးမောက်-လွယ်ဂျယ်လမ်းသည် ပထဝီအနေ အထားအရ မြေပြန့်နှင့်တောင်ပေါ်အပိုင်း ရောယှက်နေပြီး ယခုအခါ ဟုန်ရှင်းကျန်းဘ ဆောက်လုပ်ရေးကုမ္ပဏီအား BOT စနစ်ဖြင့် နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် MIC မှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။         

ကိန်းဖြူ(ပြန်/ဆက်)