မုန်တိုင်းအရှိန်ဖြင့် ရွာသွန်းသည့်မိုးကြောင့် ဆည်ပေါက်ချောင်းနှင့် စိတ္ထိန်းချောင်းတို့တွင် ချောင်းရေကျဆင်းသဖြင့် နွေကြက်သွန်စိုက်ခင်းအချို့ ရေမျောပါပျက်စီး

ကျောက်ပန်းတောင်း   မတ်   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အာစနီမုန်တိုင်းအရှိန်ဖြင့် မတ်လ(၂၃)ရက်နေ့ နံနက်အစောပိုင်းမှစ၍ ညနေ(၄)နာရီခန့်အထိ သည်းသည်းမဲမဲ မဟုတ်သော်လည်း တစ်နေကုန်ရွာသွန်းခြင်း ဖြစ်သည့်အတွက် ဆည်ပေါက်ချောင်းနှင့်စိတ္ထိန်းချောင်းတို့တွင် ချောင်းရေကျဆင်းမှုကြောင့် ချောင်းမြေဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် နွေကြက်သွန်ခင်းအချို့ ပျက်စီးမှုရှိခဲ့ကြောင်း  ဒေသခံတောင်သူများထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်သွန်နီကို ရေဆုံးကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပင်းချောင်းလွင်ပြင်နှင့် ကြက်မောက်တောင်ဆည် အဖျားကျေးရွာများဖြစ်သည့် လဲဂွ၊ ကုန်းတဲ၊ လက်ပန်အိုင့်ကျေးရွာများ၊ စိတ္ထိန်းကျေးရွာမှ စိတ္ထိန်းချောင်းပြင်တို့တွင် အဓိကအားထား စိုက်ပျိုးလေ့ရှိသည်။ မုန်တိုင်းမိုးကြောင့် အဆိုပါချောင်းများတွင် ချောင်းရေကျဆင်းမှုများရှိခဲ့သည့်အတွက် စိတ္ထိန်းကျေးရွာတွင် ကြက်သွန်စိုက်ခင်းဧက(၂၅)ဧကခန့် ပျက်စီးမှုရှိခဲ့ကြောင်း စိတ္ထိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြသောင်းထံမှ သိရသည်။

၎င်းအပြင် ဆည်ပေါက်ချောင်းရေကျဆင်းမှုကြောင့် ကြက်မောက်တောင်ဆည်အဖျားရှိ လဲဂွ၊ ကုန်းတဲ၊ လက်ပန်အိုင့်ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် ကြက်သွန်စိုက်ခင်း ခန့်မှန်းဧက(၇၀)ခန့် ပျက်စီးမှုရှိခဲ့သော်လည်း ရေဆုံးကျေးရွာအုပ်စုတွင် ပင်းချောင်းလွင်ပြင်အတွင်း စိုက်ပျိုးထားရှိသည့် ကြက်သွန်ခင်းများကို ပေါင်အမြင့်တင်ပြုလုပ်ထားပြီး ရေလွှဲလမ်းကြောင်း ကြိုတင်ပြုလုပ်ထားမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း ရေဆုံးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှသိရကာ ကျောက်ပန်းတောင်း မြို့နယ်တွင် ၂၃-၃-၂၀၂၂ ရက်နေ့ရွာသွန်းမိုးမှာ ညနေ(၆)နာရီအချိန် တိုင်းထွာချက်အရ မိုးရေချိန်လက်မ (၃.၂၈)လက်မ ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)