ဟိုပုံး မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းမှ ပြောကြားရာတွင် လူငယ်တွေအတွက် ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာတော့ လူတစ် ယောက် ရဲ့ဘဝကို (၃) ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွှန်းထားပါကြောင်း၊ ကလေးဘဝငါးနှစ်အရွယ် ကျောင်းစနေ ချိန်ကနေ အသက် ၂၀ မှ ၂၅ နှစ်ကြားအထိ ပညာသင်ကြားချိန်ဖြစ်ပါကြောင်း၊ ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာ၊ ကိန်းဂဏာန်း ဆိုင်ရာ အတွက်အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ ဆေးပညာ၊ အရောင်း အဝယ်ကုန်သွယ်ပညာစသဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ ကိုက်ညီတဲ့ရည်မှန်းချက်ရှိရမှာဖြစ်ပါကြောင်း၊ အဲ့ဒီရည်မှန်းချက်ကိုလည်း ဆန္ဒာအဓိပတိ ထားပြီး ကြိုးစားရမှာဖြစ်ပါကြောင်း၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ အပျော်နောက်ကိုချည်း လိုက်နေရင် လူငယ်ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကုန်ဆုံးကုန်မှာဖြစ်ပါကြောင်း၊ လူငယ်တွေဟာ ကိုယ့်ဘဝမှာ ရည်မှန်းချက်တွေရှိပါကြောင်း၊ ရည်မှန်းချက်ရှိတဲ့လူငယ်တွေဟာ ဘဝမှာတိုးတက် အောင်မြင်သွားတာ မျက်မြင်ပါပဲ၊ ရည်မှန်းချက်ထားပါ၊ ကြိုးစားကြပါဟု ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်မှ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီးနောက် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက Fitness Dance နှင့် သိုင်းသရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)