ပင်းတယ မတ် ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး( ပင်းတယ)၊ ပင်းတယမြို့နယ် ပညာရေးဦးစီးဌာနနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွှဲပိုင်း (၁) နာရီက ပင်းတယမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အဖွင့်အ မှာစကား ပြောကြားပြီး"လူငယ်နှင့်ရည်မှန်းချက်" ဆိုသည့် ခေါင်းစဉ်ဖြင့် ကျောင်းနေအရွယ်ကလေးများရဲ့ အဓိကရည်ရွယ်ချက်ဖြစ်သည့် ပညာရေးတွင် ထူးချွန်ထက်မြတ်ဖို့လိုအပ်ကြောင်း၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်နှင့် ယခုအရွယ်မှစ၍ ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့် လူမျိုးချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် အတတ်ပညာ အသိပညာများ လေ့လာဆည်းပူးကြရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးဇော်မိုးမောင်က " လူငယ်နှင့်အားကစား " ခေါင်းစဉ်နှင့် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ ပင်းတယ မြို့နယ်၊ အမှတ် (၁) အခြခံ ပညာအထက်တန်းကျောင်းမှ ဆရာ ဦးသန်းဦးက "လူငယ်နှင့်ကျန်းမာရေး" ဆိုသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ပင်းတယ(ဒေသပြန်/ဆက်)