ရေး မတ် ၂၃
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁)နာရီက ရေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရေးမြို့နယ် ပညာရေးမှူး ဦးမင်းဌေးဦးက “စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင် ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံ သာမကစိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ “စိတ်ကောင်းရှိဖို့” ပထမဆိုသည့် အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင် ပေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင်ဆောင်ရွက် နိုင်ကြပါစေကြောင်း” ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ်ရည် က လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ နွေရာသီကျောင်း ပိတ်ရက်ရှည် ကာလများတွင်အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ရည်မှန်းချက်ထားရှိရမှာ ဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြ စေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ/ရသ စာအုပ်စာစောင်များကို အခမဲ့လာရောက် ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရန်လိုကြောင်း၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ရန်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ယဥ်သူအေးက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားက စားကဏ္ဍအထူးလေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီ အားလပ်ရက်ရှည် ကာလတွင် အားကစား သင်တန်း/ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလို ပါကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို ရှင်းလင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၆၁ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်