အမရပူရ ဩဂုတ် ၃၁
အမရပူရမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီတို့နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ အိမ်အပြင်ထွက်လျှင် စနစ်တကျ Mask တပ်ဆင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်း-မန္တလေး လမ်းမပေါ် ရွှေကြက်ယက် တန်ပိုတိုးဂိတ်အနီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းအဖွဲ့ သည် စစ်ကိုင်း - မန္တလေးလမ်းမပေါ်တွင် သွားလာလျက်ရှိသော မော်တော်ယာဉ်များတွင် စနစ်တကျ Mask တပ်ဆင်ထားခြင်းရှိမရှိကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ Mask တပ်ဆင် အသုံးပြုနိုင်ရန် အသိပညာပေးပြီး Mask လုံးဝတပ်ဆင်ထားခြင်းမရှိသောသူများကို ငွေဒဏ်ရိုက်ပြီး Mask (၂)ခုဆီ ပြန်လည်ပေးအပ်ကာ အသိပညာပေးလုပ်ငန်းများကို ဆက်လက်၍ မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများသော နေရာများတွင်လည်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။ အလားတူ ရန်ကုန် - မန္တလေးလမ်းဟောင်း မြစ်ငယ် - ထုံးဘို တိုးဂိတ်အနီးတွင် မြစ်ငယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်(၈) နာရီအချိန်မှ စတင်ပြီး စနစ်တကျ Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဟိန်းထက်(အမရ)