မိုင်းပန် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အ.ထ.က(မိုင်းပန်)၊ အ.လ.က(မွေတော်)၊ အ.လ.က(ခွဲ) မြို့မစာသင်ကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၁၁ နာရီ အချိန်ကစ၍ ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့ပေါ်ရှိ အဆိုပါစာသင်ကျောင်းများသို့ သွားရောက်၍ မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်၊ လက်ထောက်ပညာရေးမှူး ဦးတင်ဇော်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာ၀န်ခံ ဒေါ်နန်းမိုခမ်းဟိန်းတို့မှ လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့ သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန် ထက်မြက်ရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ထို့အပြင် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများအား (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများမှ အခမဲ့ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းပန် (ပြန်/ဆက်)