မိုင်းဖြတ် မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်းကျင်းပ၍ ကျောင်းသား၊ ကျောင်းသူများအကျင့် စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် လူငယ်ရေးရာ ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာအခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က မကြာမီ စာမေးပွဲများ ဖြေဆိုပြီးမြောက်တော့မည်ဖြစ်သည့်အတွက် နွေရာသီကာလများတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရေး၊ ဗလငါးတန်ဟူသည့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလတို့ဖြင့် ပြည့်စုံစွာနေထိုင်ပြုမူ လိုက်နာကျင့်သုံးစေရေးနှင့် စပ်လျဉ်းပြီး အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရှောလမွန်က လူငယ်များ ဘက်စုံ ဖွံ့ဖြိုးရေးအတွက် “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှု ရှိရန်လိုအပ်ကြောင်း၊ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့် “ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုသည့် အတိုင်းနိုင်ငံတော်တာဝန်များကို လက်ဆင့်ကမ်းပုခုံးပြောင်းထမ်းဆောင်ကြရမည့် မိမိတို့သည့် ဗလငါးတန်နှင့်ပြည့်ဝစေရေး၊ လူငယ်များ “အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာ နေတတ်ရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မှုရှိပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးရန်၊ ပြည်ထောင်စု စိတ်ဓာတ်ထွန်းကား၍ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊ အသိပညာတိုးပွါးစေဖို့ စာအုပ်စာပေများလေ့လာဖတ်ရှုကြရန်၊ နွေရာသီကျောင်းပိတ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချ နိုင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာပေများ (အခမဲ့)လာရောက်ငှားရမ်းဖတ်ရှုနိုင်စေရေး၊ နွေရာသီ ကျောင်းပိတ်ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် (Book Club၊ Womem Club၊ Youth Club)အသင်းများတို့နှင့် ပူးပေါင်း၍ လူ့အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာပေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပြပွဲ၊ပြိုင်ပွဲများ၊ပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းစသည်ဖြင့် သိကောင်းစရာများကို အသိပညာပေး ပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသသည့် သုတ၊ ရသစာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ကို(အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး