မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းကိုင်    မတ်    ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌  လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ ဘက်စုံထူးချွန်ရေးအတွက် ရည်ရွယ်၍  ယနေ့နေ့လည်  ၁၁ နာရီအချိန်က အ.ထ.က (မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင်  မြို့နယ်ပညာရေးမှူး ကိုယ်စားပညာရေးဌာနမှ ဦးအောင်ဇော်မင်းက  လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်သန်းစောက ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြော ခဲ့သည်။

 ထို့နောက် ကျောင်းသားကျောင်းသူများ  ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရန်အတွက် Outdoor Fitness Equiment တစ်စုံကို  မြို့နယ်အားကစားမှူးက  အ.ထ.က(မိုင်းကိုင်) ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်ခဲ့သည်။

ဟောပြောပွဲအပြီးတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများအား  (၇၇)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်  ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့်  ဓာတ်ပုံပြပွဲ ပြသခြင်းများ ဆောင်ရွက်ကာ လူငယ်ရေးရာ အသိပညာပေးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်