ပျော်ဘွယ် မတ် ၂၃
ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင် (Book Club) များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးသူ မိုးပန်းမွန်(ရာမည) ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို မတ်လ(၂၃)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ် ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက စာရေးသူ မိုးပန်းမွန်(ရာမည)၏ ရွှေရောင် လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ပါအကြောင်းအရာ များကိုဖတ်ရှုကာ တက်ရောက်လာသူများက အတွေးအမြင်များအား အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်အနေဖြင့် တက်ရောက်လာသူတစ်ဦးက ယခုစာအုပ်သည် မိဘများအနေဖြင့် သားသမီး များကို စာပေအတတ် ပညာသာမက အသိပညာများရရှိစေမည့် လိမ္မာယဉ်ကျေးခြင်းကိုလည်း အမွေပေးရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် စကားအပြောအဆိုယဉ်ကျေးရန်လိုအပ် နေပါကြောင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်မှသာ ရွှေရောင်လူငယ်များ အဖြစ် တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လေ့ကျင့်နေထိုင်ခြင်းဖြင့်သာ လူငယ်များအနေဖြင့် ရွှေရောင်အနာဂတ် ကိုပိုင်ဆိုင် နိုင်ဖြစ်ပါကြောင်းတို့ကို ရေးသားလမ်းညွှန်ထားခြင်းကြောင့် အမြဲဖတ်ရှုနေရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)