မုဒုံမြို့၌ သစ်တောများ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဟောပြောပွဲကျင်းပ

မုဒုံ မတ် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက သစ်တောများ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဟောပြောပွဲကို ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစိုးဝင်းက  ပျိုးပင်များ စိုက်ပျိုးဖြန့်ဝေမှုအကြောင်း၊ တောမီးများ လောင်ကျွမ်းမှု လျော့ကျသည့် အကြောင်းအရာများနှင့် သစ်တော သစ်ပင်များကို ဝိုင်းဝန်းပြုစု ပျိုးထောင် ကြိုးပမ်းစိုက်ပျိုးကြရန် ဟောပြောသည်။

ထို့နောက် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက တောမီးများ ကြီးမားကျယ်ပြန့်စွာ ကူးစက်ပြန့်ပွားခြင်း မရှိစေရန်၊ တောမီးကြိုတင် ကာကွယ် တားဆီးခြင်းဖြင့်  သဘာဝသစ်တောများမှ သယံဇာတများနှင့် နိုင်ငံတော်ဘဏ္ဍာဖြင့် ရင်းနှီးမြှပ်နှံထားသော သစ်တောစိုက်ခင်းများ တောမီးကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုမှ ကာကွယ်ရန် တောမီးလောင်ခြင်းများ မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ဖြစ်ပွား နေစဉ်စနစ်တကျ ငြှိမ်းသတ်ခြင်းနှင့် ဖြစ်ပွားပြီးနောက် စီမံဆောင်ရွက်ခြင်း အကြောင်းများကို ပြောကြားသည်။

သစ်တောမီးလောင်မှု တစ်ခုဖြစ်ပေါ်လာရန် အပူချိန် ၂၆၀ ဒီဂရီစင်တီဂရိတ်မှ ၄၀၀ ဒီဂရီ စင်တီဂရိတ်အထိ လိုအပ်ပြီး လောင်စာအမျိုးအစားပေါ်တွင်မူတည်၍ မီးလောင်ရန် ကြာမြင့်မှုများ ကွာခြားသည်။

သစ်တောမီးလောင်မှုအများစုမှာ မြေလွှာပိုင်း(Ground)နှင့် မြေလွှာမျက်နှာပြင် (Surface)ပိုင်းတွင်သာ လျှပ်၍ တောက်လောင်သော မီးလောင်မှုအငယ်စားများသာဖြစ်ပြီး အကိုင်းအခက်ပင်စည်များမှတစ်ဆင့် တစ်ပင်မှတစ်ပင် ကျယ်ပြန့်စွာ ကူးစက်တောက်လောင်သော သစ်ပင်အပေါ်ပိုင်း ရွက်အုပ်ကို လောင်သောမီး (Crown Fire) မီးလောင်မှု အကြီးစားများဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)