တောင်ကြီး မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး က အားကစားနှင့်လူငယ်စိတ်ဓာတ်ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပညာရေးမှူး ဒေါ်ယဉ်မင်းစု က စိတ်ဓာတ်ကောင်းပေါ်ထွက်လာရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အဌမတန်း၊ သတ္တမတန်းနှင့် နဝမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၂၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း