လားရှိုး မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်း၊ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (အမျိုးသမီး) (၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် က ဌာနလုပ်ငန်းများ၊ လူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်မာကြူ က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က သတင်းအမှား/အမှန် ခွဲခြားသုံးသပ်ရာတွင် စဉ်းစားရမည့်အချက်များ၊ Social Media အသုံးပြုခြင်း၏ကောင်းကျိုး၊ ဆိုးကျိုးများ စသည့်အကြောင်းအရာများ အသီးသီး ဟောပြောပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော သင်တန်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စာအုပ်စာစောင်များလည်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး