သထုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သထုံ မတ် ၂၃

မွန်ပြည်နယ်၊ သထုံမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက် လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီကျောင်းပိတ် ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုပြီး အနာဂတ်အတွက် ရည်မှန်းချက်ထားရှိရမှာ ဖြစ်ကြောင်း၊ ရိုးသားကြိုးစားတရားမျှတမှုရှိပြီး မေတ္တာတရားဖြင့် ညှာတာ ထောက်ထားတတ်သူများဖြစ်ရန် လိုအပ်ကာ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရမည်ဖြစ်ပြီး၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွ ေနေတတ်စေလိုကြောင်းစသည်ဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေး ဟောပြောသည်။

ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဝင်းက “အားကစားနှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လူငယ်များကျောင်း ပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ နွေရာသီ အားလပ်ရက်ရှည်ကာလ၌ အားကစားသင်တန်းများသို့ တက်ရောက် ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာတို့ကို ရှင်းလင်းဟောပြောပြီး ပညာရေးဝန်ကြီးဌာန၊ ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ(ကာယ) ဒေါ်အေးသန့်က “စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင်ကြိုးစားကြရေး၊ လူတော်ဖြစ်ရုံသာမက စိတ်ကောင်း၊ နှလုံးကောင်း ပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရေး၊ စိတ်က အရာရာ ဦးဆောင်သည်ဖြစ်ရာ စိတ်ကောင်းရှိအောင်၊ စိတ်အားအစဥ်အမြဲ လန်းဆန်းတက်ကြွနေအောင် စာရိတ္တကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရေး၊ လူတော်လူကောင်းများဖြစ်ပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြရေး စသည်တို့ကို ဟောပြောခဲ့ကြသည်။

ယင်းနောက် မွန်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပေးအပ်သည့် အားကစား ပစ္စည်းများကို ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပေးအပ်ရာ အထက(၁)သထုံ ကျောင်းအုပ် ဆရာကြီး ဦးဝင်းရှိန်က လက်ခံရယူခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ သထုံမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)