ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်အတွင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်ကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေစီးရေလာ လုပ်ငန်း တာဝန်ခံ အဖွဲ့မှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ လမ်းတစ်လျှောက် အုတ်ရေမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေ ပြည်သူ တစ်ဦးကလည်း "ယခုလို ဆောင်ရွက်ပေးတာဟာ ရပ်ကွက်နေပြည်သူများအတွက်သာမက မိမိတို့မြို့နယ် အတွက်လည်း များစွာ အကျိုးရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။ ဒီကျိုက္ကဆံ လမ်းဟာဆိုရင် တာမွေမြို့နယ်ရဲ့ အဓိက အချက် အချာကျတဲ့ လမ်းမကြီး တစ်ခုဖြစ်သလို ဒဂုံမြို့သစ်(၄)မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တို့မှ ရန်ကုန်မြို့ထဲသို့ ပြေးဆွဲ ပေးနေသည့် YBS ယာဉ်များ အဓိကပြေးဆွဲရာ လမ်းဆိုလည်း မမှားပါဘူး။ ယခင်က ဒီလမ်း တစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း နုန်းများ၊ အမှိုက်များ မကြာခဏဆိုသလို ပိတ်ဆို့နေတဲ့အတွက် လမ်းမကြီးနှင့် လူသွား စင်္ကြန်များ ပေါ်သို့ ရေများလွှမ်းမိုးလျက်ရှိခြင်းကြောင့် သွားရေး လာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ယခုလို အုတ် ရေမြောင်းတွေ ဖောက်လုပ်ပေးတဲ့အတွက် ကျိုက္ကဆံလမ်းတစ်လျှောက် ရေကြီးရေလျှံခြင်း ပြဿနာမှ ကင်းဝေး သွားနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟု ပြောကြားခဲ့သည်။
အဆိုပါ အုတ်ရေမြောင်းမှာ အရှည်ပေ(၃၀၀)၊ အကျယ်(၃)ပေ၊ အနက်(၃)ပေရှိကြောင်းနှင့် အဆိုပါ အုတ်ရေမြောင်း ဖောက်လုပ်ခြင်း လုပ်ငန်း ပြီးစီးသွားပါက ကျိုက္ကဆံလမ်းတစ်လျှောက် ရေကြီးရေလျှံမှုပြဿနာမှ ကင်းဝေးသွားစေနိုင်မှာ ဖြစ်တဲ့အပြင် ယခင်ကထက် သွားရေးလာရေး တွင် အဆင်ပြေချောမွေ့လာမှာ ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)