ကျောက်ဆည်မြို့နယ်တွင်  ကျေးလက်ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး  Box Culvert တံတား(၇)စင်းတည်ဆောက်

ကျောက်ဆည် မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ညောင်ရွေ-ကြက်လျှာကျေးရွာချင်းဆက်လမ်း ပေါ်တွင် Box Culvert (၇)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားများတည်ဆောက်ရာတွင် တံတား(၁)စင်းလျင် မန္တလေးတို်င်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၅၀) အကုန်အကျခံကာ ပုဂံနန်းတော်ကုမ္မဏီမှတာဝန်ယူပြီး အရှည်(၃)ပေ၊အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ တည်ဆောက်ပေးခြင်းဖြစ်ပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားများ တည်ဆောက်ပေးခြင်းကြောင့် ညောင်ရွေ-ကြက်လျှာ-အုံးတုံ ကျေးရွာ(၃)ရွာမှ ဒေသထွက်ကုန်များ လွယ်ကူမြန်စွာသယ်ယူနိုင်တော့မည်ဖြစ်ပြီး အိမ်ထောင်စု(၃၈၆)စုမှ လူဦးရေ (၁၅၉၀)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)