ကျောက်မဲ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန် ယမန်နေ့က စ၍ မြို့ပေါ်ရပ်ကွက် များတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်အသိပေးခြင်း၊ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုလအတွင်း မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ မြင့်တက်လာသည့်အတွက် ကျောက်မဲမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် တတ်နိုင်သမျှ မိမိအိမ်တွင် နေထိုင်ကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ပဲ လုံးဝမသွားရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ အနည်းဆုံး ၆ ပေ အကွာမှ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်တိုင်း ပါစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်၊ နိုင်ငံခြားမှ ပြန်လာသူများအား အသွားအလာပိတ်ပင်၍ သီးခြားနေထိုင်စေခြင်း(Quarantine) လုပ်ငန်းစဉ် များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နှင့် တရားမဝင် ပြန်လည်ဝင်ရောက်လာသူများ ရှိပါက မဖြစ်မနေ သက်ဆိုင်ရာသို့ သတင်းပို့ရန်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ များဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူခက်ခဲခြင်း စသည်တို့ကို ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန (သို့) အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ ရန် အစရှိသည့် အချက်များကို မြို့ပေါ်ရပ်ကွက် များအတွင်းသို့ တစ်ရက်လျှင်နှစ်ကြိမ် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကျောက်မဲမြို့ရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ OHC တိုးဂိတ်တွင်စောင့်ဆိုင်း၍ ယာဉ်မောင်းနှင့်ခရီးသည်များအား ကိုယ်အပူအချိန်တိုင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)