မာန်အောင် မတ်၂၃
မာန်အောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော် အသိပေးခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်အသိပေးရာတွင် ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီတိုင်း ဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက်ရွေ့လျား လျက်ရှိပါသည်။
အဆိုပါအားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ဆက်လက်ရွေ့လျား လျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၂၄)နာရီအတွင်းမြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် ယနေ့ညနေမှ (၂၃.၃.၂၀၂၂)ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ဆက်လက် ရွေ့လျားနေစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)ခန့်အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)