ဘူးသီးတောင် မတ် ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့နံနက် ၈နာရီအချိန်က ဘူးသီးတောင်မြို့နယ် ကျေးရွာ(၉)ရွာသို့ အရောက်သွားရောက်ပြီး အားကောင်းသော မုန်တိုင်းငယ်သတိပေး ချက်များအား အသိပေးနိုးဆော်ခြင်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ အဖွဲ့(၉)ဖွဲ့ခွဲ၍ ဘူးသီးတောင်မြို့နယ် အတွင်းရှိကျေးရွာများ၌ စုရပ် (၉)ခု ထားရှိကာ မုန်တိုင်းအန္တရာယ် သတိပေးချက်များနိုးဆော်ခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းထားသည့် လုပ်ငန်း ကော်မတီ(၁၂)ခုမှ တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်း သက်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါးစေရေးတို့အတွက် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှုအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ကျေရွာအုပ်စု (၈၅)စုရှိပြီး ကျေးရွာ (၃၃၉)ရွာရှိကာ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စုရပ်နေရာ (၉)ခုသတ်မှတ်ထားရှိပြီး အဆိုပါ စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ အဆိုပါစုရပ်များ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လှကျော် ( ပြန်/ ဆက်)