ဆီဆိုင် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝမသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်းမရှိစေရန် လယ်ယာထုတ်ကုန်မှု စရိတ်လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ တောင်သူဦးသန်းအောင်၏ နေအိမ်၌ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက EM ဘိုကာရှီ တစ်လီတာ၊ တင်လဲရည် တစ်လီတာကို ရေဂါလံ(၂၀)ဖြင့် ဖော်စပ်ပြီး ပဲရိုး၊ ပြောင်းခွံ တစ်ပုံစာအတွက် အသုံးပြုရပြီး ပဲရိုး၊ ပြောင်းခွံခြောက် EM ဘိုကာရှီ ပြုလုပ်ရာတွင် အလျား ၆ ပေ အနံ ၄ ပေ အမြင့် ၃ ပေထိ ရောက်အောင် ၆ လက်မထု တစ်လွှာချင်းစီကို ဖွဲနု၊ နွားချေးခြောက်မှုန့်တို့ ဖြူးပြီး EM ဘိုကာရှီ ဖျော်ရည်ကို ရေရွှဲနေအောင် လောင်းပေးရကာ ဤကဲ့သို့ ၆ လက်မထု ၆ လွှာ ဖြစ်အောင် ပြုလုပ်ပေးပြီးနောက် ရေရွှဲအောင်လောင်းပြီး ပလပ်စတစ်ဖြင့် လုံအောင်ဖုံးအုပ်ပေးထား၍ သုံးရက်လေးရက်ကြာလျှင် ပလပ်စတစ်အောက်သို့ လက်ဖြင့်စမ်းကြည့်ပါကပူနေလျှင် ရေထပ်မံလောင်းပေး၍ ပလပ်စတစ်ကို လုံအောင်ပြန်ဖုံးအုပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲခြင်းကြောင့် မြေဆီလွှာတိုးတက်ကောင်းမွန်စေခြင်း၊ သီးနှံဖြစ်ထွန်းမှု ကို အထောက်အကူပြုခြင်း၊ စိုက်ပျိုးသူ၊ စားသုံးသူ သက်ရှိများနှင့်ပတ်ဝန်းကျင်ကို အန္တရာယ် မဖြစ်စေခြင်း၊ ပတ်ဝန်းကျင်ရှိအကျိုးပြု အဏုဇီဝများပိုမိုတိုးပွားလာစေသည့်အတွက် ရေရှည် အသုံးပြုရန် အထူးသင့်တော်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကာ အဆိုပါ သဘာဝမြေဩဇာကို စတင်ပြုလုပ်သည့်နေ့မှစ၍ တစ်လအကြာတွင် စတင်အသုံးပြုနိုင်ပြီး မိမိတို့စိုက်ပျိုးသည့် စပါး၊ ပြောင်း၊ ပဲ၊ ဟင်းသီးဟင်းရွက်၊ ဥယျဉ်ခြံသီးနှံများတွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)