ဟိုပန် မတ် ၂၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဉီးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အထက(ဟိုပန်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးသိန်းအောင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး "လူငယ်နှင့်စာရိတ္တ"နှင့် "မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး" ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟိုပန်မြို့နယ် ပညာရေးမှူး ဉီးဝင်းလှိုင် က"လူငယ်နှင့် ရည်မှန်းချက် "ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့် ကာယပညာဉီးစီးဌာနမှ နည်းပြ(နည်းစနစ်) ဒေါ်နန်းမျိုးသန္တာဉီးက နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ်ပေးမည့် အခြေ အနေများနှင့် ကျောင်းသား/သူ လူငယ်များအား အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကို ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်း စာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်