ကျောက်တော် မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား သိရှိနိုင်ရန်နှင့်ကြို တင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲမှ ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ မုန်တိုင်းအန္တရာယ် အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအနေဖြင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ရွာခြင်း၊ မြစ်ငယ်ချောင်းငယ်များတွင် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် အချက်များအား သိရှိနိုင်ရန်အတွက် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွနေရာများ၊ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ရောင်းချသူများ၊ အနယ်နယ် အရပ်ရပ်မှ ဈေးဝယ်လာရောက်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ အငှားယာဉ် မောင်းနှင်သူများအား မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဆက်လက်၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဘုတ်ဆိပ်၊ စက်လှေဆိပ်နှင့်ကုတိုးဆိပ် စသောနေရာများရှိ ခရီးသွား ပြည်သူများအနေဖြင့် မုန်တိုင်း သတင်းရရှိပါက ဆောင်ရန်၊ ရှောင် ရန်အချက်များ၊ လိုက်နာရမည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့်မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းသတိပေးသတ်မှတ်ချက် သင်္ကေတအရောင်အဆင့် (၅)ဆင့်စသည့်အချက်များ အဆိုပါနေရာများ၌ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း