ဇမ္ဗူသီရိ မတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ အုပ်စုတွင် နွေစပါး (၅၅) ဧက တင်း(၁၂၀) အထက်ထွက်ရှိရေး စံပြကွက်ဧရိယာများတွင် ဥကပ်ပါးနဂျီလွှတ်ပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ဥကပ်ပါးနဂျီစေလွှတ်ပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်နှင့် တိုင်း၊ မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် ဝန်ထမ်းများက တဲကြီးကုန်း ကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၅၉) တွင် တောင်သူများစိုက်ပျိုးထားသည့် စပါးစိုက်ခင်းများသို့ ကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံကာ သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းအာနိ သင်ပါဝင်မှုအနည်းဆုံးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးကင်း လုံခြုံသော ဆန်စပါးများ ရေရှည်ထုတ်လုပ်နိုင်ရေး၊ ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်း ခြင်းကိုအခြေခံ၍ ဘက်စုံပိုးမွှားရောဂါ ကာကွယ် ရေးစနစ်ကို ရေရှည်ကျင့်သုံးစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု စားသုံးသူနှင့် ပတ်ဝန်းကျင်တို့ကို အဆိပ်သင့်ညစ်ညမ်းစေမှု လျော့ချ၍ ရေရှည်ထိန်းသိမ်း စောင့်ရှောက်စေရေးအတွက် တောင်သူများအား သီးနှံကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ စုပေါင်းကာ အဆိုပါ နွေစပါးစိုက်ခင်းများအတွင်း ဥကပ်ပါးနဂျီကဒ်ပြားများ ချိတ်ဆွဲ၍ ဥကပ်ပါးနဂျီလွှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)