ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်

မောင်တော မတ် ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့သည်။

ထို့သို့ အသိပညာပေးနိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတွင်ရှိသော အလယ်သံကျော် ကျေးရွာ၊ ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်းကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်   မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါ သဖြင့် ဂရုပြုနေထိုင်ကြပါရန်၊ မုန်တိုင်းကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာအုပ်စု အိမ်ထောင်စု များအလိုက် အသုံးအဆောင်ပစ္စည်းများ၊ ကြိုတင်တင်ပြင်ဆင်ထုပ်ပိုးနိုင်ရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများ မြစ်ချောင်းပင်လယ်အတွင်းသို့ ထွက်ခွာခြင်းမပြုစေရေး စသည့်တို့ကို အသိပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)