မိုင်းယောင်း၌ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

 

မိုင်းယောင်း သြဂုတ် ၃၁

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်း လူအသွားအလာများသော နေရာများတွင် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် အပြင်ထွက်လျှင် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင် သွားလာရန်၊ လူစုလူဝေးကို ရှောင်ရှားရန်၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များ၊ လမ်းညွှန် ချက်များ၊ အခါအားလျော်စွာ ထုတ်ပြန်သော ဒေသန္တရအမိန့်ကို ရပ်ကွက်နှင့် ကျေးရွာများအထိ လိုက်လံ နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်လည်း ခရီးသည်တင်ကားများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရပ်နီး ရပ်ဝေး ခရီး သွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်ကိုဆေးကြောသန့်စင်စေခြင်း၊ ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်း များကို နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း