သံဖြူဇရပ် မတ် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ (Women Club)တို့ ပူးပေါင်းပြီး အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ကာကွယ်ရေး သိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမွန် က အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးသီက အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရပါက အမျိုးသမီးရေးရာ အဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် မိမိကိုယ်မိမိ ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လင်းနန္ဒာထွန်းက အမျိုးသမီးများအနေဖြင့် မိမိကိုယ့်ကို ကြံ့ကြံ့ခံနိုင်စေသည့် စိတ်ဓာတ်မျိုးမွေးမြူကြစေရေး ဆွေးနွေးပြောကြားခဲ့သည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)