ဗန်းမော်မြို့၌ တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဗန်းမော် မတ် ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဗန်းမော်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဗန်းမော်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် ကော်မတီဝင်များက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁ဝ၁၃ ဒသမ ၆၇) သန်းဖြင့် AOK ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် ဗန်းမော်-မြစ်ကြီးနားလမ်းလုပ်ငန်းကို လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၀၄၅ ဒသမ ၁၇၀)သန်းဖြင့် ဆုထူးပန်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် ဗန်းမော်မြို့တွင်းလမ်း (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း ဟောင်းပိုင်း) လုပ်ငန်းကို လည်းကောင်း၊ နည်းပညာတက္ကသိုလ် (ဗန်းမော်)တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်(၄၇၆ ဒသမ ၈၀) သန်းဖြင့် Country Road Co;ltd မှ တာဝန်ယူ ဆောင်ရွက်သည့် (၄)ခန်းတွဲ(၄)ထပ်အရာထမ်းနေအိမ် RC (၇၈ ပေ x ၉၄ ပေ) တည်ဆောက်ရေးလုပ်ငန်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့် ပြုရန်ပုံငွေကျပ်(၅၀၀ ဒသမ ၀၀) သန်းဖြင့် ‌ဒေါင်းနန်းတော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် နည်းပညာတက္ကသိုလ် (ဗန်းမော်) အတွင်း(၁ဝဝ)ဦးဆံ့ ကျောင်းသားအိပ်ဆောင် RC (၂)ထပ်တည်ဆောက်ခြင်းလုပ်ငန်းကို လည်း ကောင်း ကြည့်ရှုစစ်ဆေးခဲ့ကာ သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်းရေးနှင့် အချိန်မီပြီးစီးစေရန် လိုအပ်သည်များကို ဗန်းမော်ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၌ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေကျပ်(၁၅၇ ဒသမ ၆၃)သန်းဖြင့် စိန်ငါးပွင့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် (၄)ခန်းတွဲ (၄)ထပ် ဆရာ/ဆရာမ ဆောင် RC (၁၀၀ ပေ x ၃ဝ ပေ)အဆောက်အဦ၊ အဆောင် အဝင်လမ်း(၁ဝဝ ပေ x ၁၂ ပေ x ၈ လက်မ)နှင့် ပြင်ပ ရေ/မီးအပါ တည်ဆောက်ရေးလုပ်ငန်းကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဗန်းမော်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)