ဒလ မတ် ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာ၀င်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ စာပေ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)၏ ၂၀၁၉ခုနှစ်၊ အမျိုးသားစာပေဆုရ စာအုပ်ဖြစ် သည့် “ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ ” စာအုပ်ထဲမှ “အစာစားသုံးခြင်းနှင့် နှီးနွယ် ဆက်စပ်ပတ်သက်နေသော ကင်ဆာရောဂါများ” ခေါင်းစဉ်ပါ အစာအိမ်ကင်ဆာ အကြောင်းကို Women Club အဖွဲ့၀င် ဒေါ်ဖြူပြာက လည်းကောင်း၊ Youth Club အဖွဲ့ဝင် မောင်ရဲဝေထွန်းက “ကင်ဆာရောဂါ ကာကွယ်ပေးနိုင်သော အစားအစာများ” ခေါင်းစဉ်ပါ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစားသုံးခြင်း အကြောင်းအရာတို့ကို အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့ စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက် ပေးခြင်း၊ ပြည်သူ့ စာကြည့်တိုက် Facebook Page မှတဆင့် စာအုပ်မိတ်ဆက်ကဏ္ဍ တင်ဆက်ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းနှင့် အိမ်တွင်းလက်မှု နည်းပညာများကို လည်းလက်တွေ့ ပြသလွှင့်တင် ပေးလျက်ရှိပြီး၊ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် စာဖတ်ပရိသတ်များ၏ အိမ်တိုင်ရာရောက်လည်း Mobile ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ပြည့်(IPRD)