တောင်ဥက္ကလာပ မတ် ၂၂
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေး အကုန်အကျ သက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆပ်ပြာဆီပြုလုပ်မည့် ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ၊ မြို့နယ် စာရေးဆရာအသင်းဝင်များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲ၊ ပန်ချီရေးဆွဲနည်း (အခြေခံ) သင်တန်းနှင့် အိမ်တွင်းမှု သင်တန်းများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခင်ဆွေနှင်း