သရက်နှင့်ပတ်သက်သော နည်းပညာများကို သိရှိစေရန် Online မှ တဆင့် Training များ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေး

မန္တလေး ဩဂုတ် ၃၁

ကိုဗစ် − ၁၉ ရောဂါ ကာလဖြစ်သည့်အတွက် ယခင်နှစ်များကဲ့သို့ သင်တန်းများမပေးနိုင်သည့် အတွက် သရက်နှင့်ပတ်သက်သော နည်းပညာများကို သိရှိစေရန် Online မှတဆင့် Training များ၊ ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ယင်းတို့ကို Live အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်ပေးနေကာ သိရှိ လိုသည်များကို မေးမြန်းနိုင်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သိရသည်။

"နှစ်စဉ်ဒီလိုအချိန်ဆိုရင် သင်တန်းတွေ ပေးနေကြပြီ၊ နယ်တွေသွားပြီး Training တွေပေးတယ်၊ ဆွေးနွေးပွဲတွေ လုပ်တယ်၊ ကိုဗစ်ကြောင့်သင်တန်းတွေ မပေးနိုင်တော့ဘူး၊ တောင်သူတွေနဲ့ အဆက် အသွယ်မပြတ် ဆရာတွေနဲ့ အမေးဖြေလည်း ဖြစ်သွားအောင် Review လေးလည်း လုပ်ပေးတယ်။ အွန်လိုင်းနဲ့ နေ့လယ် (၁) နာရီအတွင်းမှာ စပြီးသင်တန်းတွေ ပေးကြတယ်၊ တောင်သူနဲ့ တွေ့ပြီး တိုက်ရိုက်ဖြစ်ဖို့အတွက် တောင်သူနဲ့ ထိပ်တိုက်တွေ့စေချင်တဲ့ ရည်ရွယ်ချက်နဲ့ Live လွှင့်တယ်၊ Live ကနေ အမေးဖြေလည်း လုပ်ကြတယ်၊ ဈေးကွက်နဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဆိုတဲ့ Page ကနေ သင်တန်းနဲ့ ပတ်သက်တာတွေ တင်ပေးတယ်၊ Information တွေကို တောင်သူတွေ ကြည့်နေရတဲ့ အချိန်အကျိုးအများကြီးရှိတယ်၊ မေးလည်းမေးစေချင်တယ်" ဟု မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

အဆိုပါ Online ဆွေးနွေးမှုများကို သြဂုတ်လလယ်လောက်မှစ၍ ရန်ကုန်မှစတင်ခြင်းဖြစ်ပြီး ကြည့်ရှုသူ 1K ကျော်လောက်ထိရှိကာ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယခုအချိန်သည် သရက်စိုက်တောင်သူများအနေဖြင့် လာမည့်နှစ်အတွက် အပင်များ ပြုစုနေချိန်ဖြစ်ပြီး ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် ထိရောက်မှုများရှိကြောင်း သိရသည်။

"လက်ရှိအခြေအနေကတော့ သရက်သီးကလည်း အားလုံးကုန်တဲ့ အနေအထားဖြစ်သွားပြီ၊ ဒီအချိန် က သရက်သီးထက် နောက်တစ်နှစ်အတွက် မိုးရာသီးလည်းဖြစ်တော့ ကိုင်းတွေ ပြင်ထားကြတယ်။ သရက်သီးအပင်တွေ ခုတ်ထားတွေ ကြိုတင်လုပ်ထားကြတယ်၊ တချို့ဒေသတွေ ကြတော့လည်း မြေသြဇာတွေ ကျွေးတယ်၊ သရက်သီးပွင့်မယ့်ရာသီက နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်ဆို ပြန်စကြပြီ၊ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါ၊ ကိုဗစ် − ၁၉ ကာလ အနေအထားအရ သုံးသပ် မိတာကတော့ သရက်သီးက ဆိုးဆိုးဝါးဝါး ဖြစ်မသွားဘူး၊ တချို့ရောင်းကြတာက Online Market လည်း တစ်ခုပေါ်လာခဲ့တယ်၊ အွန်လိုင်းပေါ်ကနေ သရက်သီးတွေ ရောင်းလာတာတွေ့လာတယ်၊ ပြီးတော့ သရက်သီးတွေကျလည်း ဈေးကွက်ထဲမှာ ပြည်တွင်းစားတာများတယ်၊ ပြည်ပတင်ပို့မှုက အရင်ကဆို တစ်ယောက်နှစ်ယောက်ပဲ၊ ဒီနှစ် ၄ ယောက် ၅ ယောက်လောက်ရှိလာတယ်၊ တစ်နိုင်ငံ တည်း အားမကိုးဘဲ တခြားနိုင်ငံတွေပါ တင်ပို့နိုင်လာပြီဆိုရင်တော့ သရက်သီးအတွက် အားတက် စရာတွေ ရှိလာတယ်၊ အရည်အသွေး ကောင်းကောင်းနဲ့ မြန်မာ့သရက်သီးကို ကမ္ဘာ့အလယ်မှာ ချပြ နိုင်အောင် သရက်သမားတွေ အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားကြပါဖို့ လိုပါတယ်" ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် သရက်စိုက်ပျိုးမှု အများဆုံးဒေသမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးတွင် သရက်စိုက်ဧက သုံးသောင်းရှစ်ထောင်ကျော်ရှိကြောင်း၊ နိုင်ငံခြားသို့ အများဆုံး တင်ပို့ရသော သရက်သီးမှာ စိန်တလုံးဖြစ်ပြီး၊ ဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ စသော သရက်သီး အမျိုးအစားများလည်း တင်ပို့လာရကြောင်း သိရသည်။

ထိပ်ထားနိုင်