ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်ထောက်ပံ့‌ငွေများ ပေးအပ်

ဆိပ်ကြီးခနောင်တို ဩဂုတ် ၃၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်း အဆင့် ကျောင်းသား‌၊ ကျောင်းသူများအား လစဉ် ထောက်ပံပေး လျက်ရှိသည့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)၊ ထ(ခွဲ) အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်းနှင့် ထ(ခွဲ)အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း တို့တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်းနှင့် ထ(ခွဲ) အလယ်တန်းကျောင်း(၂) ကျောင်းရှိပြီး နဝမတန်းကျောင်းသား/‌သူ တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၅၅)ဦးကို လည်းကောင်း၊ ဒသမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် ကျောင်းသား/ သူ (၁၆၀)ဦး ကိုလည်းကောင်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၅)ဦးအား ထောက်ပံ့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ထောက်ပံ့ငွေ လာရောက်ထုတ်ယူသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကို လည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အကာအကွယ် Mask တပ်စေပြီး ကျောင်းအဝင်တွင် ဆရာ၊ ဆရာမများမှ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်စနစ်တကျ ဆေးကြောစေခြင်း၊ ထောက်ပံ့ကြေး ထုတ်ယူသည့် အခါ တစ်ဦးနှင့် တစ်ဦး ခြောက်ပေစီခြား၍ စနစ်တကျ ထုတ်ယူစေခြင်းစသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)