သုံးခွ ဩဂုတ် ၃၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည် နှိုးဆော်ပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက သုံးခွမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၀င် များက မြို့ပေါ်ရပ်ကွက်၁၂အတွင်း လိုက်လံ အသိပညာ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အများပြည်သူတို့ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမခံရစေရေး ရည်ရွယ် လျက် လတ်တလော ကမ္ဘာပေါ်၌ ဖြစ်ပေါ်ပြန့်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19 Disease) အန္တရာယ်အား ကူးစက်ခံရခြင်းမရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ပြည်သူများ အားလုံး မဖြစ်မနေပြင်ပသို့ သွားလာလျှင် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ပြီးမှထွက်ရန်၊ မကြာခဏ လက်ဆေး ကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦး ပြောဆိုဆက်ဆံလျှင် ခပ်ခွာခွာနေရန်၊ နေရပ်ပြန်ပြည်သူများ ဝင်ရောက်လာမှုရှိခဲ့လျှင် ကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားစေရန်၊ သတ်မှတ်ထားသော ပြင်ပသွားလာခြင်း ထိန်းချုပ်ရေး (Quarantine Center) ဝင်ရောက်ပေးကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သော အချက်အလက်များကို သုံးခွမြို့၊ လူစည်ကားရာ နေရာများနှင့် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက် နေပြည်သူတို့ ပိုမိုသိရှိလိုက်နာစေ ရေး လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)