ပေါက်တော မတ် ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်သိန်းအောင်က စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို ၂၀၁၉ ခုနှစ်မတ်လ ၁၅ ရက်တွင် ထွက်ရှိပြီးဖြစ်ပါကြောင်း၊ ဥပဒေအသစ်တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ(၈၀)ခု ပါဝင်ပါကြောင်း၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်၊ စားသုံးသူ၏ တာဝန်(၄)ရပ်တို့ကို ရှင်းလင်းခြင်း၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ ``ညီညွှတ်မျှတ ဒီဂျီတယ်ငွေကြေး ကဏ္ဍ´´ကို ၂၀၂၂ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားရှိပါကြောင်း စားသုံးသူ ပြည်သူများနှင့် ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များ အတွက် သိလိုသမျှမေးမြန်းနိုင်ဖို့ Consumer Call Center ဝန်ဆောင်မှုကို စတင်ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း စသည့် အချက်များကိုအသိပညာပေး ဆွေးနွေးခဲ့သည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် We Love Pauk Taw Page နှင့် ပေါက်တော ပြည်သူ့စာကြည့်တိုက် Page များတွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မဖြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)