စစ်တွေ မတ် ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ကြမည့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက တာဝန်ထမ်းဆောင်နေသည့် ကျောင်း၊ ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် ကျောင်းများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော်အစိုးရက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် သစ်ကြီးအဖြစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရန်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ ပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ကဏ္ဍ အသီးသီးတွင်လည်း ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုဖြစ်သကဲ့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးအသုံးစရိတ်များကို သိသိသာသာ တိုးမြှင့်သုံးစွဲလျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်ပြည်နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ ၃ ဒသမ ၈၂၂ ကျပ်သန်းအားခွဲဝေသတ်မှတ်ပေးခဲ့ပါကြောင်း၊ အလားတူ ရခိုင်ပြည်နယ်နေ့အခမ်းအနား အတွက် လာရောက်သည့်ခရီးစဉ်တွင်လည်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ကျောင်းများကို အသစ်ဆောက် လုပ်ရန်ငွေကျပ် ၇၉၄၄ သန်းနှင့် ပြုပြင်ရန် ငွေကျပ် ၁၄၅၂ သန်းကျော်ဖိုးပေးခဲ့ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲများက တိုတောင်းလှသော အချိန်ကာလအတွင်း ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် ရန်ပုံငွေချထားပေးခဲ့ခြင်းသည် ရခိုင်ပြည်နယ်အပေါ် နိုင်ငံ့အကြီးအကဲများထားရှိသော စေတနာကို ပြသခြင်းဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ကစပြီး တက္ကသိုလ်ဝင် စာမေးပွဲကို ဧပြီလ(၉) ရက်နေ့ထိကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယခုရောက်ရှိနေကြသည့် ပုဂ္ဂိုလ်များသည် ရခိုင်ပြည်နယ်၏ ပုံရိပ်ကို ထုဆစ်ပုံဖော်ကြမည့်သူများဖြစ်သည်ကို တက်ရောက်လာသူ အားလုံးက သဘောပေါက်ထားစေ လိုကြောင်း၊ ရခိုင်ပြည်နယ်၏ အနာဂတ်၊ ရခိုင်ပြည်နယ်၏ ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်၏ပုံရိပ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည့်မျှော်လင့်မိပါကြောင်း၊ ဒေသတစ်ခု၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာနှုန်းမြင့်မားရေးသည်လည်း အချက်တစ်ချက်အနေဖြင့် ပါဝင်နေခြင်းကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ အထောက်အကူဖြစ်စေခြင်းငှာ ကျောင်းသား၊ ကျောင်းသူများ အလေ့အကျင့် ရရှိစေရန်အတွက် အကြိုစာမေးပွဲစစ်ဆေးရန် လိုအပ်သော ငွေကြေးများကိုလည်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာလည်း ပညာရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းအမှတ် (၁၀၀)မှတ်ဖိုး မဖြေဆိုဖူးသေးသည့် ကျောင်းတွင်းကလေးများ ဖြေဆိုရာတွင် အထိုက်အလျောက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မသာမာမှုကင်းရှင်းရေးကို အဓိကထားပြီး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကြီးကြပ်ရေးမှူးများအနေဖြင့် မိမိတို့၏ ဆောင်ရွက်မှုအတွေ့အကြုံ တာဝန်ဝတ္တရားနှင့်အညီ မသာမာမှုကင်းရှင်းစွာ ကျင်းပစစ်ဆေးနိုင်ရေးကို အလေးထားဆောင်ရွက်ပေးကြရန်မှာကြားလို ကြောင်း၊ စာမေးပွဲကြီး ချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တာဝန်ရှိသူအားလုံးက လုံခြုံရေးသတိဖြင့် ဂရုတစိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ကြရမည့် ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် မိမိတစ်ဦးတည်း ကြိုးစားအားထုတ်ရုံနှင့် မပြီးဘဲ အားလုံးပါဝင်လက်တွဲ တာဝန်ထမ်းဆောင်ကြရမည့် ပုဂ္ဂိုလ်များကို စည်းရုံးဦးဆောင်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှု စံတန်ဖိုးဖြစ်သည့် ရိုးသားကြိုးစားမှု ကို အခြေခံထားပြီး သမာသမတ်ကျအောင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စာစစ်ဌာနများတွင် ကြီးကြပ်ရေးမှူးတာဝန်ထမ်း ဆောင်ကြမည့် ဆရာကြီး၊ ဆရာများအတွက် ထောက်ပံ့ငွေ ၁၂၈ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ပြည်နယ် ပညာရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)